ပန်းချီကျော် နှင့် ရှင်ဘုရင့်ခွေး
- Thura Zaw

- Jul 10, 2023
- 1 min read
တစ်ခါတုန်းက တိုင်းပြည်ကြီး တစ်ပြည်မှာ ပန်းချီကျော် တစ်ဦးရှိတယ်။
သူက ပန်းချီပညာ၊ အရောင်တွေရဲ့ သဘောတရား စတာတွေမှာ ကျွမ်းကျင်သလို လက်ရာလည်း အင်မတန်မြောက်သတဲ့။
တစ်ရက်တော့ တိုင်းပြည်ရဲ့ ဘုရင်ကြီးဟာ ပန်းချီဆရာကို ရှေ့မှောက်ကို ခေါ်လိုက်သတဲ့။
ပန်းချီဆရာ က သူ လက်တိုလက်တောင်းခိုင်းတဲ့ တပည့်တစ်ယောက်ကို ခေါ်ပြီးတော့ ဘုရင်ကြီးကို သွားတွေ့တာပေါ့။
ဘုရင်ကြီးက ပြောတယ်။ သူ့အချစ်တော် ခွေးကြီး ပုံကို ဆွဲပေးရမယ်တဲ့။ ခွေးကြီး သဘောကျအောင် ဆွဲပေးနိုင်ရင် ဆုလာဘ်တွေ အများကြီး ပေးမယ်တဲ့လေ။
ဘုရင်က ငှားရမ်းတာမို့ ပန်းချီဆရာကြီး ဟာ ဘုရင့်ခွေးကြီးကို ကြည့်ပြီး ပန်းချီကားတစ်ချပ် ဖန်တီးပေးရတော့တာပဲ။ တပည့်ကတော့ ဘေးကနေ ကူပေးရတာပေါ့။
ဒီလိုနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ပန်းချီကား ပြီးသွားလို့ ဘုရင်ကြီး လာကြည့်တယ်။ သူ့အချစ်တော်ခွေးကြီးကလည်း ဘေးမှာပေါ့လေ။
ပန်းချီဆရာကြီးက ပန်းချီကားကို ပြသလိုက်တယ်။
ခွေးဟာ ပန်းချီကားကို တစ်ချက်မှတောင် မကြည့်ဘဲ အခန်းထဲမှာ ဟိုဟိုဒီဒီ သွားနေသတဲ့။
ဘုရင်ကြီးက ပြောတယ်။
"မောင်မင်း ပန်းချီဆရာဟာ နာမည်သာကျော်တယ် အလကားပဲ။ မောင်မင်းရဲ့ ပန်းချီကား ဟာ ကောင်းပုံမပေါ်ဘူး။ ကြည့်ပါလား ငါကိုယ်တော်ရဲ့ ခွေးက ဂရုတောင်မစိုက်ဘူး။ တယ်ရှော်တာပဲ။ ကိုယ်တော် ဒေါသထွက်တယ်ကွာ"
"စိတ်မဆိုးပါနဲ့ ဘုရင်ကြီး ကျွန်တော်မျိုး ပြန်ပြင်ပေးပါ့မယ်။ မနက်ဖန် လာရောက်ကြည့်ရှုပါခင်ဗျာ" ပန်းချီဆရာကြီး က တောင်းပန်ရတယ်။
နောက်တစ်နေ့ရောက်တော့ ဘုရင်ကြီးက သူ့ခွေးနဲ့ ပြန်ရောက်လာတယ်။
ဒီတစ်ခါတော့ ပန်းချီကားကို မြင်မြင်ချင်းပဲ ခွေးဟာ စိတ်ဝင်တစားကြည့်တယ်။ နမ်းရှုတ်တယ်။ တချို့နေရာတွေကို လျှာနဲ့တောင်လျက်တယ်။
ခွေးကသဘောကျနေတော့ ခွေးရှင် ဘုရင်ကြီးလည်း တပြုံးပြုံးနဲ့ ပန်းချီကားဖိုးပေးပြီး ပြန်သွားတယ်။
နားမလည်နိုင်အောင် အံ့ဩတာကတော့ ပန်းချီဆရာကြီးရဲ့ တပည့်ပေါ့။
"ဆရာရယ် ပန်းချီကားက ဘာမှလည်း မပြောင်းဘဲနဲ့ ခုတစ်ခေါက် ခွေးက ဘာဖြစ်လို့ သဘောကျတာလဲ"
"ငါ့ပညာ ငါ့ဖန်တီးမှုကို ခွေးကို ဘယ်နားလည်မလဲကွ။ ဘယ်လောက် သေချာလုပ်ပေးပေး ခွေးက နားလည်မှာမဟုတ်ဘူး။ သူနားလည်အောင်လို့ ပန်းချီကားကို အသားတွေနဲ့ သုတ်ထားတာကွာ။ အသားနံ့ကို ခွေးကရတော့ ပန်းချီကားကို စိတ်ဝင်စားတာပေါ့။ ခွေးနားလည်အောင် ခွေးစကားနဲ့ ခေါ်ရတာပေါ့ကွာ"
ဒီတော့မှ ပန်းချီဆရာရဲ့ တပည့်လည်း သဘောပေါက်တော့တယ်။ ဟုတ်ပေသားပဲ။ လောကမှာ ကိုယ်က ဘယ်လောက်မြင့်မြင့်မားမားတွေ ပြောဆိုချင်ပေမယ့် တဖက်က လက်ခံမယ့်သူက နားမလည်ရင် အလကားပါပဲ။ သူတို့နားလည်အောင်လည်း တခုခု ပြင်ဆင်ထားသင့်တယ် မဟုတ်ပေဘူးလား။
#သံလွင်မြင့်
#ပုံပြင်





Comments